ဝိဘဇ္ဇဝါဒ
*******
ဝိဘဇ္ဇဝါဒ ကိုမကြာမကြာ ကြားဖူးကြပါလိမ့်မည်။
သို့သော်ဘာကိုဆိုလိုမှန်းတိတိကျကျသိဖို့ခက်၏။
ခွဲခြမ်းစိတ်ဖြာ၍ဝေဖန်ပိုင်းခြားသောဝါဒဟုသိကြ၏။
လက်လှမ်းမီသမျှရှာဖွေ၍အကျဉ်းအားဖြင့်ဝေငှလိုက်
ပါသည်။အသိပညာဝေငှ-(Share) လုပ်ခြင်းပင်ဖြစ်ပါ
သည်။
ဆရာကြီးဦးဌေးအောင်၏
ဗုဒ္ဓဒေသနာနှင့်သိပ္ပံပညာ ၌ ဝိဘဇ္ဇနည်း အဖြစ်
၁။နှိုက်နှိုက်ချွတ်ချွတ်လေ့လာကြ
(Inquiring mind)
၂။ခွဲခြမ်းစိတ်ဖြာကြည့်ကြ
(Analytical mind)
၃။အရင်းအမြစ်ရောက်အောင်စူးစမ်းကြ
(Penetrating mind)
ဟူ၍ရေးသားဖော်ပြပါသည်။
သုဘလုလင် ကို မြတ်စွာဘုရား မိန့်ကြားပုံမှာ-
ဝိဘဇ္ဇဝါဒေါ ခေါ အဟမေတ္ထ မာဏဝ နာဟမေတ္ထ
ဧကံသဝါဒေါ ။ဖြစ်ပါတယ်။
သုဘလုလင် ဒီနေရာမှာ ငါက ဝိဘဇ္ဇဝါဒ အတိုင်း
ခွဲခွဲခြားခြားပြောမယ်။န ဧကံသဝါဒ တရားသေတစ်
ဖက်စောင်းနင်း မပြောဆိုဘူး။ဆိုပြီး မှားတဲ့အကျင့်
ကိုမချီးမွမ်း မှန်တဲ့အကျင့်ကို ချီးမွမ်းတော်မူပါတယ်။
အင်္ဂုတ္ထိုပါဠိတော် ဒသကနိပါတ်
ဝဇ္ဇိယ မာဟိတ သုတ် မှာ မြတ်စွာဘုရား၏ဝါဒကို
နက်ရှိုင်းစွာသိရှိထားတဲ့ ဥပါသကာ ဝဇ္ဇိယမာဟိတ
က တိတ္ထိတွေကို ဝိဘဇ္ဇဝါဒ အကြောင်းပြောပါတယ်။
ဂါရယှံ ခေါ ဘန္တေ ဘဂဝါ ဂရဟတိ ပသံသိတဗ္ဗံ
ပသံသတိ။ဂါရယှံ ခေါ ဘန္တေ ဘဂဝါ ဂရဟန္တော ပသံသိတဗ္ဗံ ပသံသန္တော ဝိဘဇ္ဇဝါဒေါ ခေါ ဘန္တေ
ဘဂဝါ န ခေါ ဧကံသဝါဒေါ။
အရှင်တို့ ကျွနုပ်တို့ မြတ်စွာဘုရားသည် ကဲ့ရဲ့ထိုက်
သောအကျင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ကို ကဲ့ရဲ့တော်
မူ၏။ချီးမွမ်းထိုက်သောအကျင့် ချီးမွမ်းထိုက်သော
ပုဂ္ဂိုလ်ကို ချီးမွမ်းတော်မူ၏။
ဝိဘဇ္ဇဝါဒေါ-ခွဲခြမ်းစိတ်ဖြာပြောဟောလေ့ရှိ၏။န ခေါ
ဧကံသဝါဒေါ-တရားသေတစ်ဖက်စောင်းနင်းပြောဆို
တော်မမူ။
အဲဒီလိုပြောဆိုခဲ့တဲ့ ဝဇ္ဇိယမာဟိတ ကို မြတ်စွာဘုရား
က "သာဓု-သာဓု ဝဇ္ဇိယမာဟိတ"ကောင်းတယ်
ကောင်းတယ် ဝဇ္ဇိယမာဟိတ လို့ချီးမွမ်းတော်မူပါတယ်။
ဝိသုဒ္ဓိမဂ် မဟာဋီကာ မှာ
ဝိဘဇ္ဇ သဿတုစ္ဆေဒေ ဥဘော အန္တေ အနုပဂမ္မ
မဇ္ဈိမပဋိပဒါဘူတဿ ပဋိစ္စသမုပ္ပါဒဿ ဒေသနတော
ဘဂဝါ တဒနုဝါဒတော တဿ သာဝကာ စ
ဝိဘဇ္ဇဝါဒီနော ။
သဿတဝါဒ ဥစ္ဆေဒဝါဒ တို့ကို ခွဲခြားဝေဖန်စီစစ်၍
ယင်းဝါဒနှစ်ပါးသို့ မကပ်ရောက်ပဲ အလယ်အလတ်
လမ်းစဉ် ပဋိစ္စသမုပ္ပါဒ်ကိုဟောပြောလေ့ရှိသောကြောင့်
မြတ်စွာဘုရားသည်ဝိဘဇ္ဇဝါဒီဖြစ်တော်မူ၍ မြတ်စွာဘု
ရားကဲ့သို့ဟောပြောတတ် ကျင့်သုံးတတ်သော မြတ်
စွာဘုရား၏ တပည့်သားသံဃာတော်များသည်လည်း
ဝိဘဇ္ဇဝါဒီ ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြသည်။
ဤကဲ့သို့ ဋီကာဆရာ ရှင်ဓမ္မပါလ၊ ရှင်သာရိပုတ္တ တို့
ဖွင့်ပြတော်မူ ကြပါသည်။
(ဝိသုဒ္ဓိမဂ် ၊မဟာဋီကာ ၊ ၂ ၊ ၂၄၀)
သဿတုစ္ဆေဒဝါဒေ ဝိဘဇ္ဇ ဝဒန္တိ ။
အတ္တနှင့်လောကမြဲသည်ဟုယူဆသော သဿတဝါဒ
သတ္တဝါ သေဆုံးလျှင် ပြတ်သည် ဟုယူဆသော
ဥစ္ဆေဒဝါဒ တို့မှားယွင်းကြောင်း အမျိုးမျိုးဝေဖန်ဆန်း
စစ်၍ မဇ္ဈိမပဋိပဒါ ကိုဟောပြောညွှန်ပြတော်မူသဖြင့်
လည်း ဝိဘဇ္ဇဝါဒဟူ၍ ဆိုရပါသည်။
ဆရာကြီး ဦးရွှေအောင်၏ အတ္တဝါဒမှအနတ္တဝါဒသို့
တွင် ဝိဘဇ္ဇဝါဒကို ဤသို့ဆို၏။
ဝိဘဇ္ဇဝါဒဆိုသည်မှာ ကြောင်းကျိုးဆက်သွယ်မှု့ကို
ခွဲခြား၍ယူသောဝါဒဖြစ်၏။အမှန်အားဖြင့် ဝိဘဇ္ဇဝါဒ
သည် ပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်ပါသည်။
အကြောင်းအကျိုးဆက်သွယ်မှု့၌အချင်းချင်းသန္တာန်
တူမှု့ကို "ဧကတ္တ" ဟုခေါ်၏။
အချင်းချင်း သဘောလက္ခဏာ ခြားနားမှု့ကို "နာနတ္တ"
ဟုခေါ်၏။
ဖန်ဆင်းမှု့ဟူ၍မရှိပဲ ဓမ္မတို့၏ သဘောအလျှောက် ဖြစ်
ပေါ်လာမှု့ကို "အဗျာပါရ" ဟုခေါ်၏။
အကြောင်းနှင့် အကျိုး လိုက်လျောညီထွေရှိမှု့ကို
"ဧဝံဓမ္မတာ" ဟုခေါ်၏။
ဝိဘဇ္ဇဝါဒသည် ဧကတ္တ ။နာနတ္တ ။အဗျာပါရ ။ဧဝံဓမ္မတာ။
ဟူသော သတ်မှတ်ချက် အင်္ဂါလေးရပ်နှင့်ပြည့်စုံရ၏။
အကျဉ်းချုပ်ဆိုရလျှင် လမ်းစဉ်နှင့်ပန်းတိုင်နှစ်မျိုးရှိ
သည့်အနက် လမ်းစဉ်ကိုသာ အဓိကထားပြီး ပန်း
တိုင်ကိုအဓိကမထားသော ဝါဒကို အကျိုးပယ်ဝါဒ
(နတ္ထိကဒိဋ္ဌိ)ဟုခေါ်ပါသည်။
ပန်းတိုင်ကိုသာ အဓိကထားပြီး လမ်းစဉ်ကိုအဓိကမ
ထားသော ဝါဒကို အကြောင်းပယ်ဝါဒ(အကြိယဒိဋ္ဌိ)
ဟုခေါ်ပါသည်။
လမ်းစဉ်ရော ပန်းတိုင်ရော နှစ်မျိုးစလုံးကိုပင် အဓိက
မထားပဲ သက်ဦးဆံပိုင်သဘော ပရမ်းပတာ ဆောင်
ရွက်တတ်သော ဝါဒကို အကြောင်းအကျိုးပယ်ဝါဒ
(အဟေတုကဒိဋ္ဌိ)ဟုခေါ်ပါသည်။
ဝိဘဇ္ဇဝါဒကား အကြောင်းနှင့်အကျိုးနှစ်မျိုးစလုံးကို
ပင် ရှု့ထောင့်အလိုက် သူ့နေရာနှင့်သူအဓိကထား
သည့်ဝါဒ(သမ္မာဒိဋ္ဌိ)ဖြစ်ပါသည်။ ။
ဗုဒ္ဓဝါဒသည် ကမ္မဝါဒ ။အနတ္တဝါဒ ။နိဗ္ဗာန်လမ်းပြဝါဒ။
အစရှိသဖြင့် ပြောဆိုမှု့များသည် ပြည့်စုံသည်ဟုမ
ဆိုနှိုင်ပါ။သူ့နည်းသူ့ဟန်သူ့ရှု့ထောင့်မှတစ်စိတ်
တစဒေသ မှန်သော်လည်းပြည့်စုံမှု့မရှိပါ။
ဗုဒ္ဓဝါဒကိုတစ်ခွန်းတည်းမှန်ကန်စွာပြောဆိုမည်ဆို
လျှင် "ဝိဘဇ္ဇဝါဒ" ဟုသာပြောဆိုရမည်ဖြစ်ပါသည်။
No comments:
Post a Comment