Wednesday, October 29, 2014

သတိပဋ္ဌာန်-၁


#သတိပဋ္ဌာန်အကြောင်းသိကောင်းစရာ-၁
*****************************
#သတိပဋ္ဌာန် ဟူသော ဝေါဟာရသည်၊#သတိပဋ္ဌာန ဟူသော
ပါဠိမှဆင်းသက်လာသော ပါဠိသက် ဝေါဟာရဖြစ်သည်။

သတိပဋ္ဌာန်ကို
၁-သတိ၏ ကျက်စားရာ အာရုံ၊
၂-သုံးမျိုးသော သာဝကတို့ အပေါ်၌ မြတ်စွာဘုရား၏ ချစ်မှု့
   မုန်းမှု့ လွန်မြောက်ခြင်း၊
၃-သတိ ဟူ၍ သုံးမျိုး အနက်ပေးနှိုင်သည်။

၁-သတိ+ပဋ္ဌာန
သတိ=သတိ စေတသိက်။
ပဋ္ဌာန=(သတိ၏)ကျက်စားရာအာရုံ။
#သတိ၏ကျက်စားရာအာရုံ ဖြစ်ပါသည်။

၂-သတိ+ပဋ္ဌာန
သတိ=သတိ စေတသိက်။
ပဋ္ဌာန=သုံးမျိုးသော သာဝကတို့အပေါ်၌ မြတ်စွာဘုရား၏
          (သတိဖြင့်)မချစ် မမုန်းမှု့။
#သာဝကသုံးမျိုးအပေါ်၌ မြတ်စွာဘုရား၏ (သတိသမ္ပဇဉ်ဖြင့်)
မချစ် မမုန်း သတိဖြင့် ကျင့်သုံးခြင်း ဖြစ်ပါသည်။
(မြတ်စွာဘုရား၏ သြဝါဒကို လိုက်နာသော သာဝက၊ မလိုက်
နာသော သာဝက၊ တစ်ဝက်တစ်ပျက် လိုက်နာ၍ တစ်ဝက်တစ်
ပျက် မလိုက်နာသော သာဝက ဟူ၍ သုံးမျိုးရှိ၏။)

၃-သတိ+ပဋ္ဌာန
သတိ=သတိ စေတသိက်။
ပဋ္ဌာန=အာရုံ၌ စွဲစွဲမြဲမြဲ သက်ဝင်၍တည်နေသော သတိ။
#သတိ စေတသိက် သတိတရား ပင်ဖြစ်ပါသည်။

#ကာယာနုပဿနာ သတိပဋ္ဌာန် စသည်တို့၌
သတိပဋ္ဌာန် သည် သတိစေတသိက် သာလျှင် ဖြစ်ပါသည်။

#အပ္ပမာဒေါ အမတံ ပဒံ ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ နမီယန္တိ ၊ ယေပမတ္တာ ယထာ မတာ။

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်ကိုရခြင်း၏ အကြောင်းတည်း။
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းတည်း။
မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်။
မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။

လောကဝေါဟာရအလို သေဆုံးခြင်းဆိုသည်မှာ အသက်၏ကုန်
ခြင်းမျှကိုသာ သေဆုံးသည်ဟုဆိုသည်။အသက်မကုန်သေးသ
မျှ ရှင်သန်နေသည်ဟုဆိုသည်။

ဓမ္မအလိုအရ အသက်ရှင်လျှက် သေနေသူ(သေဆုံးသူ)များရှိနှိုင်
သလို ၊အသက်သေသော်လည်း ရှင်သန်နေသူများရှိပါသည်။

အထက်ပါ ဓမ္မပဒ ဂါထာအရ-
အပ္ပမာဒတရား(သတိတရား)လက်ကိုင်ပြုထားသော
ကုသိုလ်အစုစုတို့၌ မမေ့မလျော့သော သူသည် ရှင်သန်နေသူ
ဖြစ်ပါသည်။
ပမာဒတရား(မေ့လျော့ခြင်း)သတိမရှိခြင်း ဖြစ်၍
ကုသိုလ်တရားအစုစုတို့၌ မေ့မေ့လျော့လျော့နှင့် နေသောသူ
သည် အသက်ရှင်နေရပါသော်လည်း သေသောသူသာဖြစ်သည်။

သတ္တဝါတို့ အနေဖြင့် သေဆုံးရန် အခွင့်အလမ်းများစွာရှိသည့်
အနက် သတိတရားမရှိသဖြင့်သေဆုံးရခြင်းသည် ရှင်သန်ခြင်း
အတွက်လမ်းစပါပျောက်ဆုံးခြင်းလည်းဖြစ်ပါသည်။

ကံအားလျော်စွာ မှားယွင်းသော အမြင်များ၌ ဘဝကိုတည်
ဆောက်မိပါက ကုသိုလ်အစုစုတို့၌ မေ့လျော့သော ပမာဒတရား
လည်းဖြစ်ပေါ်လာပေမည်။
ထို့အတူ မှားယွင်းသော အတွေးအကြံ များကို ဖြစ်ပေါ်စေလျှက်
ပမာဒတရားဖြစ်ပွားကာ သေသူဖြစ်တတ်ပါသည်။
ဤအတူ မှားယွင်းသော (ကိုယ်မှု့နှုတ်မှု့များ အသက်မွေးမှု့များ
ကြိုးပမ်းဆောင်ရွက်မှု့များ ကျွမ်းကျင်လိမ္မာမှု့များ)ကြောင့်လည်း
ပမာဒတရားဖြစ်ပွားကာ(သတိချွတ်ယွင်းသဖြင့်)ကုသိုလ်အစုစုကို
မပြုမိတော့ပဲ သေဆုံးနေသူများသာ လျှင်ဖြစ်တတ်ပါသည်။

#ဥဋ္ဌာနေန'ပ္ပမာဒေန ၊သံယမေန ဓမ္မေန စ၊
ဒီပံ ကရိယာထ မေဒါဝီ ၊ယံသြဃော နာဘိကီရတိ။

ထကြွလုံ့လရှိ၍ မမေ့မလျော့ပဲ (သီလကို)စောင့်ရှောက်ထိမ်းသိမ်း
လျှက် (ဣနြေ္ဒကို)ဆုံးမခြင်းနှင့်ပြည့်စုံသော ပညာရှိသည် သံသ
ရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်ဟူသော မှီခိုရာကျွန်း
ကိုပြုလုပ်ရာ၏။ ယင်းကျွန်းကို ကိလေသာ ရေလျဉ်သည် မဖျက်
ဆီးနှိုင်ပေ။

သီလစသည့်ကျင့်ဝတ်ကိုဖြည့်ဆည်းခြင်း ၊ဣနြေ္ဒကိုကောင်းစွာ
စောင့်ထိမ်းခြင်း ၊စသည့် သံဝရသီလများကို မမေ့မလျော့ပဲ ထ
ကြွလုံ့လပြု၍ နေလျှက် သေမင်းမမြင်ရာ မိမိ၏မှီခိုရာ ကျွန်းကို
ပြုလုပ်လျှက် ဘေးရန်ကင်းစွာ ရှင်သန်နေကြဖို့ ဘုရားရှင်၏တိုက်
တွန်းတော်မူချက်ဖြစ်ပါသည်။

အပ္ပမာဒတရား ကုသိုလ်ပြုရေး၌ မမေ့မလျော့သော သတိတရား
ရှိသောသူသည် ရှင်သန်နေသူသာဖြစ်၍ သေမင်းမမြင်ရာ မှီခိုရာ
ကျွန်းကို ပြုလုပ်နှိုင်သူဖြစ်သဖြင့် ဘုရားရှင်၏ တိုက်တွန်းတော်မူ
ချက် အတိုင်းနေထိုင်သူလည်းဖြစ်ပါသည်။

ဤသည်တို့မှာ သတိတရားနှင့်စပ်၍ မှန်ကန်စွာ ရှု့မြင်နှိုင်ရန်
သတိချပ်စေလို၍ ဖြစ်ပါသည်။

ကောင်းသောလုပ်ငန်း အကျိုးရှိသောလုပ်ငန်း(ကုသိုလ်)ပင်မှန်
သော်လည်း ပိုမို၍အကျိုးများရာ ဖြစ်ဖြစ်မြောက်မြောက် လုပ်နှိုင်
ရာများကိုသာ ဦးစားပေးရွေးချယ်၍ လုပ်တတ်ဖို့အရေးကြီးပါ
သည်။ကုသိုလ်ကိုကား မည်သည့်ကုသိုလ်ပင်ဖြစ်စေ အထင်မ
သေးစကောင်းပေ။ကုသိုလ်မှန်သမျှ နိဗ္ဗာန်၏ အထောက်အပံ့
ပြုနှိုင်သည်ချည်းသာလျှင် ဖြစ်၏။

သတိပဋ္ဌာန အရ သတိ၏အာရုံများ အဖြစ် မြတ်စွာဘုရားသည်
လေးမျိုးဟောကြားခဲ့ပါသည်။ထက်မြက်သော သမ္မာသတိကိုထူ
ထောင်လိုသော ရဟန်းရှင်လူယောဂီသည် သီလစသည်ကိုပြည့်
စုံစေလျှက် သတိ၏တည်ရာ အာရုံများနှင့် စိတ်ကိုလေ့ကျင့်ပျိုး
ထောင်လျှင် သတိနှင့်ပြည့်စုံနှိုင်ပါသည်။

အာရုံလေးမျိုးမှာ-
(၁)။ကာယ ။(၂)။စိတ္တ။(၃)။ဝေဒနာ။(၄)။ဓမ္မ။ဖြစ်ပါသည်။
#ကာယဂတာနုပဿနာ သတိပဋ္ဌာန်
#စိတ္တာနုပဿနာ သတိပဋ္ဌာန်
#ဝေဒနာနုပဿနာ သတိပဋ္ဌာန်
#ဓမ္မာနုပဿနာ သတိပဋ္ဌာန်    ဟူ၍ သတိပဋ္ဌာန် လေးမျိုး။
ဟောတော်မူပါသည်။

No comments:

Post a Comment